ဒေါက်တာ မြင့်လွင်(စိတ်ပညာ)
ကစားကွင်းမှာ အနိုင်ကျင့်ခံရတဲ့အခါ မိမိကိုယ်ကို ယုံကြည်စိတ် အပြည့်အ၀ရှိတဲ့ ၄ နှစ်သားအရွယ် ကလေးတောင်မှပင် တဖြည်းဖြည်းနှင့် ကြောက်ရွံ့တတ်လာပါတယ်။ ကျီစယ် နောက်ပြောင်ခံရခြင်း၊ ၀ိုင်း၍ အစခံရခြင်း၊ ၀ိုင်းပယ်ခံရခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်နှိပ်စက်ခံရခြင်းတို့ဟာ အနိုင်ကျင့်ခံရတဲ့ ကလေးကို အမြဲတမ်းနီးပါးလောက်ပင် ၀မ်းနည်းမှုဖြစ်စေပြီး စိတ်ထိခိုက်စေပါလိမ့်မယ်။
ကိုယ့်ကလေးကို ကျောင်းမှာ အနိုင်ကျင့်မခံရရေးအတွက်
ကလေးငယ်ရဲ့အတန်းပိုင်ဆရာ၊ ဆရာမနှင့်အတူ သင်လည်း အမြဲ စိတ်ပူနေမိမှာ
အမှန်ပဲဖြစ်ပါတယ်။ သို့သော် သင့်ကလေးကို ဒူပေနာပေခံနိုင်သောသူ
ဖြစ်အောင်လည်း လေ့ကျင့်ပေးနိုင်ပါတယ်။ အဲဒီလို လေ့ကျင့်ပေးခြင်းအားဖြင့်
သင့်ကလေးဟာ နောင်မှာ အနိုင်ကျင့်ခံရသူဖြစ်နိုင်မှု ရာနှုန်းလည်း
နည်းပါးသွားပါလိမ့်မယ်။ အဲဒီလို လေ့ကျင့်ပေးခြင်းဟာ အနီုင်ကျင့်သူအပေါ်
အပြစ်တင်စေဖို့ မဟုတ်ဘဲ သင့်ကလေးဟာ အင်အားမဲ့သူမဟုတ်ကြောင်း သူ့ကိုယ်သူ
သိလာအောင် အသိအမှတ်ပြုပေးခြင်းသာ ဖြစ်ပါတယ်။ သူ့ကိုယ်သူ
ကွပ်ကဲမှုလုပ်နိုင်ကြောင်း အသိအမှတ်ပြုပေးခြင်းသာ ဖြစ်ပါတယ်။
အဆင့်(၈)ဆင့်ပါ အစီအစဉ်
ကလေးဟာ ကျောင်းမှာ ကစားကွင်းမှာ အနိုင်ကျင့်ခံရကြောင်း သင့်ကိုပြောပြဖို့ သူ့အတွက် များစွာအရဲစွန့်ရလိမ့်မည် ဖြစ်ကြောင်း သင်သတိရပါ။ သူ့အနေနဲ့ သင့်အား ပြောပြတာကို အနိုင်ကျင့်သူက သိသွားမှာကိုလည်း ကြောက်ရွံ့နေတတ်ပါတယ်။ သင်ဟာ ဒီကိစ္စအတွက် နှုတ်လုံမည်ဖြစ်ကြောင်း ကလေးကို စိတ်အေးအောင် ပြောပြပါ။ သင်ဟာ သူ့ဘက်မှာရှိကြောင်း သူသိစေခြင်းဖြင့် ကလေးကို စိတ်သက်သာစေပါလိမ့်မယ်။ အောက်ပါ နည်းဗျူဟာ (၈)ခုကို ကလေးအား သင်ကြားပေးပါ။
၁။ အပြုသဘောကိုယ်ဟန်အမူအရာ ပြခိုင်းပါ။
အနိုင်ကျင့်ခံရသူရဲ့ သားကောင်ဖြစ်သူကလေးဟာ “ကျွန်တော် ကြောက်ပါတယ်” ဆိုတဲ့ ကိုယ်ဟန် အမူအယာမျိုး ပြနေတတ်ပါတယ်။ ဥပမာ ကစားကွင်းထဲတွင် စိုးရိမ်ထိတ်လန့်စွာ ကုပ်ကုပ်ကလေး ဖြစ်နေခြင်း၊ ကိုယ်ကလေး ယို့နေခြင်း၊ မျက်လုံးခြင်းဆုံ၍ မကြည့်ရဲစေခြင်းစတဲ့ လက္ခဏာများ ပြနေတတ်ပါတယ်။ ဒါကြောင့် ကလေးကို အိမ်တွင် ခေါင်းမော့လမ်းလျောက်တတ်အောင်၊ ရဲဝံ့သော ကိုယ်နေဟန်ရအောင် တည်ကြည်သော မျက်လုံးအကြည့်ကြည့်တတ်အောင်တော့ ကျင့်ပေးပါ။
၂။ လူစုလူဝေးထဲမှာ နေခိုင်းပါ။
အနိုင်ကျင့်တတ်သူတို့ဟာ အားနည်းသော၊ သင်းကွဲဖြစ်နေသော ကလေးမျိုးကို ပစ်မှတ်အဖြစ် လိုက်ရှာတတ်ပါတယ်။ ဒါကြောင့် ကလေးအနေဖြင့် ကစားကွင်းထဲတွင် တစ်ယောက်တည်း သင်းကွဲမတ်တပ်ရပ်နေပါက အနိုင်ကျင့်သူရဲ့ သားကောင်ပစ်မှတ်အဖြစ် အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။ လူစုလူဝေးထဲတွင် ရှိစေခြင်းဟာ ကလေးကို သားကောင်အဖြစ် ရှာဖွေတွေ့ရှိစေခြင်းမှ လျော့နည်းသွားစေပါလိမ့်မယ်။
၃။ ငြိမ်သက်မနေဘဲ လှုပ်ရှားနေခိုင်းပါ။
ဒီနည်းဟာ လက်တွေ့ကျတဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ အနိုင်ကျင့်ခံရလေ့ရှိသူ ကလေးငယ်များဟာ ကျောင်းမုန့်စားဆင်းချိန် ကစားကွင်းထဲမှာ ငြိမ်သက်အနေတတ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်စိတ်လျော့နည်းနေဟန် ဖြစ်နေခြင်းကြောင့် အနိုင်ကျင့်သူများက သူ့အား ရှာဖွေတွေ့ရှိသွားအောင် ဆွဲဆောင်သလို ဖြစ်နေပါတယ်။ ကလေးအနေနဲ့ တစ်ယောက်တည်း ငြိမ်ငြိမ်လေး ကစားကွင်းထဲမှာ မတ်တပ်ရပ်နေခြင်းထက် လှုပ်ရှားနေတာက သူ့အတွက် ပိုပြီးတော့ ကောင်းပါလိမ့်မယ်။
၎။ အဝေးကို တိမ်းရှောင်ခိုင်းပါ။
အနိုင်ကျင့်မယ့်သူများ မိမိဆီကို ဦးတည်လာနေပုံပေါ်ရင် သူတို့နဲ့ဝေးရာဆီကို ထွက်သွားလိုက်တာက ပိုကောင်းပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ဒီလိုရှောင်လွဲတဲ့နည်းဗျူဟာက သူရဲဘောကြောင်တဲ့ အပြုအမူတစ်ခုအဖြစ် အဓိပ္ဗာယ် ကောက်ယူသွားစေနိုင်ပါတယ်။ သို့သော် တကယ်တော့ ဆင်ခြင်တုံတရားနဲ့ ကိုက်ညီသော အရာတစ်ခုဖြစ်လို့ လုပ်သင့်ပါတယ်။
၅။ အနိုင်ကျင့်ခြိမ်းခြောက်မှုကို မတုံ့ပြန်ခိုင်းပါနဲ့။
ရန်စခြင်း၊ ကျိစားနောက်ပြောင်ခြင်း စသည်တို့ဟာ အနိုင်ကျင့်ခံ သားကောင်ထဲမှ ဘာမှ တုံ့ပြန်မှု၊ စိတ်ခံစားမှုမပြတဲ့အခါမှာ နောက်ဆုံးမှာ ရပ်တန့်သွားပါလိမ့်မည်။ နှုတ်နဲ့ရန်စခြင်း၊ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ခံရခြင်းတို့ကို လျစ်လျူရှုဖို့ဆိုတာ ခက်ခဲကောင်း ခက်ခဲပါလိမ့်မည်။ ဒါပေမဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ပါတယ်။ ကလေးနဲ့ သင်တစ်လှည့်စီ သရုပ်ဆောင်တမ်းကစားပြီး လေ့ကျင့်ခိုင်းနိုင်ပါတယ်။
၆။ လက်တုံ့ပြန်ဖို့ကို စိတ်လျော့ထားလိုက်ပါ။
သင့်အနေနဲ့ ကိုယ့်ကလေးအနိုင်ကျင့်ခံရတာကို ပြန်လက်တုံ့ပြန်ဖို့ ကလေးအား အားပေးကောင်း အားပေးလိုပါလိမ့်မယ်။ ဒါပေမဲ့ လက်တုံ့ပြန်တဲ့နည်းဟာ ချို့ယွင်းချက်တွေ ပြဿနာတွေအများကြီး ပါရှိနိုင်ပါတယ်။ ပထမအချက်က ကလေးအနေနဲ့ အပြင်းအထန် ရိုက်နှက်ခံရခြင်းနဲ့ အဆုံးသတ်ရကောင်း အဆုံးသတ်ရပါလိမ့်မယ်။ ဒုတိယအချက်အနေနဲ့ကတော့ တကယ်လို့ ရန်လိုတာကို သင်က အားပေးထောက်ခံမယ်ဆိုရင် သင့်ကလေးအနေနဲ့ သူ့ဘ၀ရဲ့ ပြဿနာ အမျိုးအစားတိုင်းကို ကိုင်တွယ်ဖြေရှင်းဖို့ရာ ဒီနည်းဟာ သင့်တော်တယ်လို့ ယူဆကောင်း ယူဆသွားနိုင်ပါတယ်။
၇။ မိမိကိုယ်ကို ယုံကြည်စိတ်ရှိလာအောင် အားပေးပါ။
ကလေးက သူ့ကိုယ်သူ အကောင်းမြင်ခံစားလာဖို့ သူ့ရဲ့ စွမ်းရည် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သူ့ရဲ့ထမြောက်အောင်မြင်မှုတို့ မြင့်မားလာဖို့ သင်တတ်နိုင်သလောက် လုပ်ရပါလိမ့်မယ်။ ကလေးကို သူဟာ ဘယ်လောက် ထူးခြားတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြောပေးပါ။ မူကြိုမှာတုန်းက ကျောင်းစာတွေကို ဘယ်လိုကြိုးစားကြောင်း ပြန်သတိရအောင် အားပေးပါ။ သူ့မှာ ကျောင်းတွင်သာမက ကျောင်းပြင်ပမှာလည်း မိတ်ဆွေ၊ သူငယ်ချင်းတွေ အများကြီးရှိကြောင်း အလေးထား ပြောပေးပါ။ သူဟာ ထူးချွန်တဲ့သူဖြစ်တယ်လို့ သင်ယုံကြည်ကြောင်းကိုလည်း သူသိပါစေ။
၈။ အတွေ့အကြုံကနေသင်ယူခိုင်းပါ။
အကယ်၍ သင့်ရဲ့ကလေးဟာ အနိုင်ကျင့်တတ်သူ ကလေးတွေရဲ့ ပစ်မှတ်တစ်ခု တဖန်ပြန်ဖြစ်နေဦးမယ်ဆိုရင် သူအရင်က ဒီကိစ္စကို ဘယ်လိုပြေလည်အောင်ဖြေရှင်းဆောင်ရွက်နိုင်တဲ့အကြောင်း ဆွေးနွေးပြောပြပေးပါ။ ကလေးအနေနဲ့ အတိတ်က မသာယာဖွယ်အတွေ့အကြုံများကို သူဘယ်လို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ကြောင်း သိမြင်လာတဲ့အခါမှာ အနာဂတ်မှာလည်း ဒူပေနာပေခံနိုင်မှုများ တိုးမြင့်လာပါလိမ့်မယ်။