Monday, November 24, 2014

CLOWN DOCTORS အဖွဲ့သည် ရောဂါသည် ကလေးများ၏ ခံစားနေ ရသော ဝေဒနာ များ လျော့ပါးစေရန် အဓိက ရည်ရွယ်


INDEPENDENCE JOURNAL မှ အင်တာဗျူး အားပြန်လည် ကူးယူဖော်ပြသည်....

မိမိတို့ CLOWN DOCTORSအဖွဲ့ သည် ရောဂါဝေဒနာ ခံစားနေရသော ကလေးများ၏ ဂျူတီကုတ် မြင် လျှင် ကြောက် လန့်နေသော အစွဲကို ချွတ်ရန်နှင့် မိမိတို့၏ တတ်နိုင်သည့် အင်အားဖြင့် ကလေးများတွင် ခံစား နေရသော ဝေဒနာ လျော့ ပါးသွားရန် ရည်ရွယ်ပါကြောင်း ယင်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ   က 

ြMyanmar Independence သို့ ပြောသည်။
“ကလေးတွေက ဂျူတီကုတ် တွေ့တာနဲ့ ဆရာဝန် တွေ့တာနဲ့ ဘာမှ မလုပ်ရသေးဘူး အရမ်းကြောက်နေ တယ်။ အဲဒီအစွဲ ကိုလည်း ဖျောက်ချင်တယ်။ နောက်တစ်ခုက ဥပမာ ဒီကလေး လက်နာတယ် ဆိုရင် ဆရာဝန် ကလည်း လက်ပဲ စမ်းကြည့် တယ်။ မိဘတွေကလည်း ဒီလက်ကိုပဲ ဂရုစိုက်နေတယ်။ လူနာလာ ကြည့်တဲ့သူ တွေ ကလည်း ဒီလက်ပဲ။  ဖြစ်နေတဲ့ ဥစ္စာကိုပဲ ဦးတည်နေကြတော့ ကလေးကလည်း ဒီထဲကိုပဲ အာရုံရောက်ပြီး အရမ်းခံစားနေတယ်လို့ပဲ ထင်တယ်။ တကယ့် တကယ်တမ်း မှာ သူဖြစ်နေတာက လက်တစ်ဖက်ထဲပဲ၊ ကျန်တာတွေက လုပ်နိုင်တယ် ဆိုတာကို ကလေးကို ပြန်ပြီး တော့ ပြောနိုင်မယ်ဆိုရင် ကလေး အနေနဲ့ လည်း ပြန်ပြီး စိတ်ဓာတ် တက်ကြွ လာနိုင်တယ်ပေါ့” ဟု သူမက ဆိုပါသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သော CLOWN DOCTORS (ရုပ်ပြောင် ဆရာဝန်လေးများ)အဖွဲ့ကို ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Bridge of Life အဖွဲ့မှ အမေရိကန် နိုင်ငံသား အက်ဒီက ဦးဆောင်၍ ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင် များသည် မိမိသဘောဖြင့် မိမိ စေတနာဝန်ထမ်း ပါဝင်ကြရခြင်းဖြစ်ပြီး အပတ်စဉ် စနေ့နေ့ တိုင်းတွင် ရန်ကုန် ကလေး ဆေးရုံကြီး၌ ဝေဒနာသည် ကလေးများကို ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ကြ သည်။ အစဦးပိုင်းတွင် လက်ထိုးရုပ် များဖြင့် သာ ဖျော်ဖြေခဲ့သော်ငြား တဖြည်းဖြည်းနှင့် မျက်လှည့် ပစ္စည်းများနှင့် မျက်လှည့်ပြခြင်း၊ ဂစ်တာတီး၍ သီဆိုကပြခြင်းတို့ပါ ထပ်မံတိုးချဲ့ခဲ့ကြသည်။
“ပထမတော့ ကလေးတွေက ကြောက်တာပေါ့။ ဘာတွေလည်း အရူးတွေလား ဆိုပြီးတော့တောင် အပြောခံရ ဖူးတယ်။ နောက်ပိုင်းကျတော့ သူတို့ကိုယ်တိုင်က လာမယ့် အချိန်ကို စောင့်နေကြတယ်။ ဘယ်အခန်း ကို ဘယ်အချိန် ရောက်တယ်က အစ မှတ်ထားပြီး နောက်ကျရင် ဘာလို့နောက် ကျလဲလို့  မေးတယ်။ မိဘတွေ ကလည်း တချို့ ကလေးတွေ အိပ်နေရင်တောင် နှိုးပြီးပြကြတယ်။ သူတို့ရဲ့ တုံ့ပြန်မှုက ကောင်းပါတယ်” ဟု မကြည်ငြိမ်းချမ်းကျော် က ပြောပါသည်။
ထို့ပြင် ယင်းတို့ အဖွဲ့အနေနှင့် ဆေးရုံကြီးအတွင်းရှိ ဝေဒနာသည် ကလေးများကို တစ်ကုတင်ချင်း ဝင်ရောက် ပြသ ရခြင်းဖြစ်ပြီး ကုတင် အစုံအစေ့ဝင်ရသဖြင့် ကလေး အပေါ် မူတည်ကာ အချိန်ကြာသွားသည်များ  လည်း ရှိသည်။ အချို့သော မိဘများကဆိုလျှင် အိမ်အထိ လိုက်လံ ဖျော်ဖြေပေးစေချင်သည့် ဆန္ဒရှိကြ ပြီး ယင်းတို့ အဖွဲ့မှလည်း ကလေး၏ အခြေအနေပေါ်မူတည်၍ စိတ်ပိုင်းဆိုင်ရာအရ လိုအပ်နေလျှင် အိမ်တိုင်ရာရောက် ဖျော်ဖြေပေးရန်လည်း ဝန်မလေးကြောင်း သူမက ပြောပါ သည်။
လက်ရှိ CLOWN DOCTORS အဖွဲ့တွင် အဖွဲ့ဝင် ၆ ဦးရှိပြီး လူအင်အား ထပ်မံတိုးချဲ့ရန်ရှိသော်ငြား လူအများ ရှေ့တွင် ဟာသလုပ်ရန်သည် ထင်သလောက် မလွယ်ကူသဖြင့် သေချာစိစစ်မှရမည့် သဘောရှိနေသည်။ “အစကတည်းက ဂျူတီကုတ်နဲ့ နှာခေါင်းနီနဲ့ ဘာမှမဆိုင်ဘူး။ အဲဒီတော့ လုပ်ရဲတဲ့သူက ရှားတယ်။ အချို့ဆို  အပြင်မှာ သွက်ပေမယ့် လူရှေ့ရောက်တော့ မလုပ်ရဲတဲ့သူလည်း ရှိတယ်။ ပြီးတော့ ဒီအလုပ်က လစာရတဲ့ အလုပ်လည်း မဟုတ်တော့ အဆုံးထိ လုပ်နိုင်ပါ့မလားဆိုတာ ရှိသေးတယ်”ဟု သူမက ပြောပါသည်။
မြန်မာနိုင်ငံတွင်  CLOWN DOCTORS အလုပ်သည် စေတနာ့ဝန်ထမ်း လူငယ်များက မိမိတို့၏ အလုပ်ပိတ်ရက် တွင်မှ လုပ်ကိုင်နိုင်ကြခြင်း ဖြစ်သော် လည်း နိုင်ငံတကာ တွင်မူ ယင်းအလုပ်သည် အလုပ်အကိုင် တစ်ခုအဖြစ် အချိန်ပြည့် လုပ်ကိုင်ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ CLOWN DOCTORS အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းပေးခဲ့သူ အမေရိကန် နိုင်ငံသား အက်ဒီကလည်း ယင်းပြန်သွားသည့် အချိန်၌ လက်ရှိအဖွဲ့ကို မြန်မာ လူငယ်များက မိမိ ဆုံးဖြတ်ချက်ဖြင့် မိမိ တာဝန်ယူနိုင်သည့် အခြေအနေမျိုးထိ ရောက်စေချင်သူ ဖြစ်ကြောင်းလည်း သိရသည်။ “အဓိက သူဖြစ်စေချင်တာ က မြန်မာပြည်မှာ CLOWN DOCTORS ကို ပေါ်သွားစေချင်တာ။ အဲဒီလို အဖွဲ့အစည်း တစ်ခုကို ပေါ်ပေါက်စေချင်တာ” ဟု မကြည်ငြိမ်းချမ်းကျော်က ပြောပါသည်။
ယခင်က အပတ်စဉ် စနေနေ့တိုင်း ရန်ကုန်ကလေးဆေးရုံကြီးတွင် ဖျော်ဖြေခဲ့ရာမှ ယခုအခါ တနင်္ဂနွေနေ့တွင် ပါ ရန်ကင်း ကလေးဆေးရုံကြီး၌ တိုးချဲ့၍ ဖျော်ဖြေနေ သည်မှာ ၁ လခန့် ရှိပြီဖြစ်ကြောင်းလည်း သူမက ပြောပါ သည်။
ထို့ပြင် CLOWN DOCTORS ကို မန္တလေးမြို့ ကလေးဆေးရုံကြီးတွင်ပါ ဆက်လက်တိုးချဲ့ရန် ရှိသော်လည်း  အဖွဲ့၏ ဦးဆောင်သူ အက်ဒီ အနေဖြင့် (Bridge of Life) အဖွဲ့နှင့် ပုသိမ်မြို့ရှိ လမ်းပျော် ကလေးငယ်များ အရေး သွားရောက် ဆောင်ရွက်နေရ သောကြောင့် လတ်တလောတွင်မူ မဖြစ်နိုင်သေးကြောင်းလည်း သိရှိရသည်။
CLOWN DOCTORS အဖွဲ့အနေဖြင့် ယခုလက်ရှိတွင် အပတ်စဉ်စနေ၊ တနင်္ဂနွေတိုင်း၌ မနက် ၁ဝ နာရီမှ စတင်ကာ ရန်ကုန်ကလေးဆေးရုံ ကြီးနှင့် ရန်ကင်း ကလေးဆေးရုံကြီး တို့တွင် ဝေဒနာသည် ကလေးများ ကို ဖျော်ဖြေမှုများ ပြုလုပ်နေပြီး ဆက်လက်၍ မန္တလေးမြို့ရှိ ကလေးဆေး ရုံကြီးတွင်လည်း ထပ်မံတိုးချဲ့နိုင်ရန် ကြိုးစားနေကြ သည်။ ထို့ပြင် ယင်းကဲ့သို့ အဆင့်ဆင့်တိုးချဲ့ကြိုးစားမှု များမှတစ်ဆင့် ပိုမိုကျယ်ပြန့်သည့် CLOWN DOCTORS အဖွဲ့များ ပေါ်ပေါက်လာစေရန် ရည်မှန်း ထားကြသည် ဟုလည်း သိရှိရပါသည်။

No comments:

Post a Comment